မင်္ဂလာ တရား‌တော်

แชร์
ฝัง
  • เผยแพร่เมื่อ 11 ก.ย. 2024
  • ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ တရားတော်များကို ၂၄-နာရီပတ်လုံး လွှင့်ပေးနေသည့် Channel ဖြစ်ပါသည်။ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် က ၂၀၂၃-ခုနှစ် အောက်တိုဘာလ ၂၂-ရက် မှစတင်၍ လွှင့်တင်ထားရှိပါသည်။
    - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
    ဤ “မင်္ဂလာ တရားတော်” ကို ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် ၁၃၃၀-ပြည့်နှစ်၊ ပြာသိုလဆန်း ၈-ရက် (၂၆၊ ၁၂၊ ၁၉၆၈) နေ့တွင် ရန်ကုန်မြို့၊ သာသနာ့ရိပ်သာ၊ ကျောင်းအသစ်၊ ဓမ္မာရုံအသစ်၊ ပလ္လင်အသစ် ရေစက်ချပွဲကို အကြောင်းပြု၍ ဟောကြားခဲ့ပါသည်။ တရားတော်ထဲတွင်_
    “သူ့အရပ်ဒေသ သူ့နယ်ပယ်အတွင်းမှာတော့ ထုံးတမ်းစဉ်လာရှိတဲ့ မင်္ဂလာအလေ့အထလေးတွေကလည်းပဲ လိုအပ်တယ်။ ကိုယ်က အလိုမရှိပေမဲ့လို့ ပြုလုပ်ရတာပဲ။”
    “တောအရပ်ဒေသတွေမှာဆိုရင် ကိစ္စကြီးငယ် တစ်ခုခုလုပ်မယ်ဆိုရင် ရက်ကောင်းရက်သာ ရွေးရတယ်။ အဲဒီမှာ ပြဿဒါး မကျအောင်၊ ရက်ရာဇာ ရက်ကောင်းကျအောင် ရွေးရတယ်။ အထူးအားဖြင့် အဆောက်အဦတွေဘာတွေ ဆောက်မယ်ဆိုရင် ရွေးရတယ်။ မရွေးလို့ရှိရင် တစ်စုံတစ်ရာ ဖြစ်လာတဲ့အခါကျတော့... အကြောင်းမညီညွတ်ရင် တစ်စုံတစ်ရာက ဖြစ်တာပဲ။ အဲဒီလို ဖြစ်လာတဲ့အခါကျတော့ ‌ဘေးပတ်ဝန်းကျင်က ကဲ့ရဲ့ကြတယ်။ ရက်က မကောင်းတဲ့ရက်ကြီးကို သွားလုပ်တာကိုး။ ပြဿဒါးရက်ကြီးလုပ်လို့ ဒီလို ဖြစ်ရတယ် စသည်ဖြင့် ဒီလို အကဲ့ရဲ့ခံရတယ်။”
    “ဒ့ါကြောင့် ဒီကျောင်းဆောက်တုန်းကတောင် ဘုန်းကြီးတို့ စိတ်ထဲမှာ ဒီဥစ္စာတွေကို ဘာမှ သံသယမရှိပါဘူး။ အပိုပါပဲ။ ဗေဒင်တွေ နက္ခတ်တွေ ဘာညာနဲ့ တွက်ချက်ပြီးသကာလ ဘယ်အချိန်နာရီမှ အခါကောင်းတယ် စသည်ဖြင့် အဲဒီ လောကဘက်က ပုဂ္ဂိုလ်တွေ သူတို့ဟာသူတို့ ပညတ်ထားတာပဲ။ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက်နဲ့လည်း မတူဘူး-လို့။”
    “အိန္ဒိယက... အရှေ့နိုင်ငံကနေပြီးတော့ ကောင်းချီးမင်္ဂလာ အချန်နာရီတွေ တွက်ထားတာက ဟို... အနောက်နိုင်ငံက ပုဂ္ဂိုလ်တွေနဲ့ အယူအဆက မတူဘူး။ အနောက်နိုင်ငံက ကောင်းတယ်လို့ ယူဆထားတာကို အရှေ့နိုင်ငံက ပုဂ္ဂိုလ်တွေ အယူအဆနဲ့ မတူဘူး။ သူ့ဟာနဲ့သူ ဖြစ်နေတဲ့ဥစ္စာတွေပဲ။”
    “အင်း... ဒါတွေက မလိုပါဘူး-လို့။ ဒါပေမဲ့ ဘုန်းကြီးတို့ စိတ်ထဲ မလိုပေမဲ့လို့ ပတ်ဝန်းကျင်က လိုနေတာက ရှိတယ်။”
    “လောကီမင်္ဂလာတွေ ပြုကောင်းပါတယ်။ ဘယ်မင်္ဂလာဖြစ်ဖြစ် ပြုကောင်းပါတယ်။ သို့သော်လည်း အကျိုးကတော့ သိပ် မကြီးကျယ်ဘူး။ အကျိုးရလို့ရှိရင်လည်း မျက်မှောက်ပဲ ရပါတယ်။ နောင် တမလွန်တော့ မရဘူး။”
    “တရား မင်္ဂလာကတော့ အကျိုးကြီးတယ်။ မျက်မှောက်ရော တမလွန်ရော အကျိုးကြီးပါတယ်။ အကြောင်းမညီညွတ်လို့ မျက်မှောက်တွင် အကျိုးမရစေကာမူ တမလွန်တော့ အကျိုးအသေအချာ ရတယ်-တဲ့” စသည်ဖြင့် မင်္ဂလာအယူအဆနှင့် ပတ်သက်၍လည်းကောင်း...
    ထို့နောက် ဒိဋ္ဌမင်္ဂလာ၊ သုတမင်္ဂလာ၊ မုတမင်္ဂလာ အကြောင်း စသည်တို့ကို ရှင်းပြတော်မူပြီး_
    “အသေဝနာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေဝနာ။
    ပူဇာ စ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ” ဂါထာမှစပြီး ၃၈-ဖြာ မင်္ဂလာကို ဟောကြားထားပါသည်။
    ဤ “မင်္ဂလာ တရားတော်” ကို နာယူပြီး ယခု ၁၃၈၆-ခု နှစ်သစ်မှစ၍ မြန်မာရော ကမ္ဘာကြီးပါ ငြိမ်းချမ်းပြီး ကျန်းမာချမ်းသာပါစေ-လို့ မေတ္တာဖြင့် နှစ်သစ် ဆုမွန်ချွေပါသည်။
    - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
    ကမ္ဘာအရပ်ရပ်မှ တရားချစ်ခင်သူတော်စင်များ လွယ်ကူစွာနာယူနိုင်ရန် မဟာစည်တရားတော်များ ၂၄/၇ ပြန့်ပွားရေးကုသိုလ် ပါဝင်လိုပါက မဟာစည်ကျမ်းစာအုပ် အရောင်းဆိုင် ဖုန်း- ၀၁-၅၄၅၄၆၉, ၀၁-၅၄၁၉၇၁, ၀၉၉၅၂၁၉၈၈၀၂ နှင့် mahasi.meditationcenter@gmail.com သို့ ဆက်သွယ်နိုင်စုံစမ်းနိုင်ပါကြောင်း အသိပေးပါသည်။
    - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
    မဟာစည် တရားတော်များကို နာယူသည့်အခါ တရားတော်အချို့တွင် အနည်းငယ် အသံ မကြည်လင်ခြင်း၊ အသံ‌ နှေးခြင်း၊ အသံ မြန်ခြင်းတို့ ပါရှိသည်ကို သတိပြုမိကြပါလိမ့်မည်။ အကြောင်းမှာ အသံဖမ်းယူစဉ်က အသုံးပြုခဲ့သည့် ၇” တိပ်ရီကော်ဒါစက်များ၏ နည်းပညာနှင့် တိပ်ခွေများကို ကော်ပီပွားရယူသည့်အခါ တိပ်ရီကော်ဒါစက် မော်တာမြန်နှုူန်းများ အနည်းငယ် ကွာခြားခြင်းကြောင့် ဖြစ်ပါသည်။
    မဟာစည် မီဒီယာအဖွဲ့အနေဖြင့် ၁၃၈၅-ခုနှစ် သီတင်းကျွတ်လမှစ၍ တရားတော်များကို လွှင့်ထုတ်ရာတွင် (၁) တရားတော် အသံများကို မူရင်းအတိုင်း ထားရှိလိုခြင်း၊ (၂) ရှေးက ဖမ်းယူခဲ့သည့် အသံအတိုင်း တရားနာပရိသတ်တို့အား နာယူစေလိုခြင်းတို့ကြောင့် တရားတော် အသံများကို တည်းဖြတ်ခြင်း၊ ပေါင်းစပ်ခြင်း၊ ထုတ်ပယ်ခြင်း၊ အသံ အရည်အသွေး ပြုပြင်ခြင်းတို့ ပြုလုပ်မထားပါ။ သို့သော် နာယူရန် ခက်ခဲနေသည့် တရားတော်အနည်းငယ်ကိုမူ နာယူရန်အဆင့် အသံအရည်အသွေးရရှိရန် Digital Audio Editing Software အသုံးပြု၍ တည်းဖြတ်ပြင်ဆင်ထားကြောင်း အသိပေးအပ်ပါသည်။

ความคิดเห็น •