သေမင်း၏ နယ်ပယ်မှ ကျော်လွန်နိုင်ရေး တရားတော်

แชร์
ฝัง
  • เผยแพร่เมื่อ 10 ก.ย. 2024
  • ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ တရားတော်များကို ၂၄-နာရီပတ်လုံး လွှင့်ပေးနေသည့် Channel ဖြစ်ပါသည်။ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် က ၂၀၂၃-ခုနှစ် အောက်တိုဘာလ ၂၂-ရက် မှစတင်၍ လွှင့်တင်ထားရှိပါသည်။
    - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
    ဤ “သေမင်း၏ နယ်ပယ်မှ ကျော်လွန်နိုင်ရေး တရားတော်” ကို ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည်_
    “ယေ ဇနာ သမ္မာဒက္ခာတေ၊ ဓမ္မေ ဓမ္မာနုဝတ္တိနော။
    တေ ဇနာ ပါရမေဿန္တိ၊ မစ္စုဓေယျံ သုဒုတ္တရံ” ဟူသော ပါဠိတော် (အံ၊ ၃။ ၄၆၃။) ကို အခြေခံ၍ ဟောကြားတော်မူခဲ့ပါသည်။
    “သေမင်း၏ နယ်ပယ်ဘာတုန်းဆိုတော့ ဘုံအားဖြင့်ဆိုရင် ၃၁-ဘုံဟာ သေမင်း၏ နယ်ပယ်ပဲ။ ဒီနယ်ပယ်ထဲနေရင် သေရမှာပဲ။ မသေချင်လို့ မရဘူး။ သေမှာပဲ။ သဘာဝဓမ္မနဲ့ ပြောလို့ရှိရင် ခန္ဓာငါးပါးတွေဟာ သေမင်း၏ နယ်ပယ်ပဲ။ ခန္ဓာငါးပါးရှိရင် သေရမှာပဲ။”
    “သေမင်း၏ နယ်ပယ်ထဲမှာဖြစ်တော့ တစ်နေ့ကျ သေရတာပဲ။ အခု... အဲဒီသေမင်း၏ နယ်ပယ်က ကျော်လွန်အောင်ဆိုပြီးတော့ အားထုတ်ကြတာပဲ။”
    “မြတ်စွာဘုရား ညွှန်ကြားသည့်အတိုင်း သီလ၊ သမာဓိ၊ ပညာ အကျင့်တွေ ပြည့်စုံအောင် ကျင့်တဲ့ပုဂ္ဂိုလ်တွေဟာ သေမင်း၏ နယ်ပယ်ကို ကျော်လွန်သွားပါလိမ့်မယ်။”
    ထို့အတူ အခြား သိသင့်သိထိုက်သည်များကိုလည်း အောက်ပါအတိုင်း ဟောကြားတော်မူပါသည်။
    “မြတ်စွာဘုရား ဟောထားတဲ့ တရားတော်တွေဆိုတာ ပိဋကတ်နဲ့ဆိုရင် ပိဋကသုံးပုံ ရှိနေတာပဲ။ ပိဋကသုံးပုံ တရားတော်တွေ_ သုတ္တန်၊ ဝိနည်း၊ အဘိဓမ္မာ။”
    “အဲဒီထဲမှာ ဝိနည်းကတော့ ရဟန်းများအတွက်ပါပဲ။ လူတွေအနေနဲ့တော့ ကြည်ညိုရုံလောက်ပါပဲ။ လူတွေအနေနဲ့ ကျင့်ဖို့ရန် မလိုပါဘူး။”
    “အဘိဓမ္မာကလည်းပဲ ဗဟုသုတ ပွားရုံပါပဲ။ အဘိဓမ္မာကလည်း ကျင့်လို့ မဖြစ်တာကဘဲ များပါတယ်။ ဟောကတည်းကလည်း အဘိဓမ္မာက တာဝတိံသာ နတ်ပြည်မှာ ဟောရတာကိုး၊ လူတွေ မနာနိုင်ဘူး။ အကြာကြီး ဟောရတာ။”
    “သုတ္တန်ဒေသနာတော်ဟာ အရေးအကြီးဆုံးပါပဲ။ မြတ်စွာဘုရားက သုတ္တန်ဒေသနာတော်ကို လူ့လောကမှာ ဟောတာ။ သုတ္တန်ဒေသနာတော်ကတော့ သတ္တဝါတွေ နားလည်း လည်ရမယ်၊ ကျင့်လည်း ကျင့်နိုင်တယ်။ အကိုးအကားနဲ့ ဟောတာ။ သတ္တဝါတွေ အလိုလိုက်ပြီးတော့ ဟောထားတာ။”
    “ဟိုတုန်းက တရားနာပရိသတ်ရဲ့ အခြေအနေကိုလည်း ကြည့်ပြီး ဟောထားတယ်။ ပရိသတ်ထဲမှာ ဒီပုဂ္ဂိုလ်တစ်ယောက်က ဒီလိုတရားဟောမှ နားလည်မယ်ဆိုရင်ဖြင့် အဲဒီပုဂ္ဂိုလ်တစ်ယောက်အတွက် သူနဲ့ သင့်လျော်တဲ့တရားကို ဟောတာပဲ။ အများအတွက် သင့်လျော်လို့ရှိရင် အများအတွက် ဟောတာ။ သုတ္တန်ဒေသနာတော်ဆိုတာ အဲဒီလို ဟောထားတော့ သတ္တဝါတွေ နားလည်း လည်တယ်၊ ကျင့်လည်း ကျင့်နိုင်တယ်။”
    “အဲဒီ သုတ္တန်ဒေသနာတော်တွေထဲမှာလည်း အကျဉ်းချုံးလိုက်လို့ရှိရင်တော့ ကျင့်စရာက သီလရယ်၊ သမာဓိရယ်၊ ပညာရယ် ဒီသုံးခု ရှိတာပါပဲ။”
    “သီလမှာ ရဟန်းသီလ၊ လူ့သီလဆိုပြီး နှစ်မျိုးရှိတယ်။ ရဟန်းသီလက ရဟန်းတွေအတွက်ပဲ။ လူ့သီလက လူတွေအတွက်။ လူ့သီလကတော့ အမြဲတမ်းအားဖြင့်ဆိုရင် ငါးပါးသီလဟာ အရေးအကြီးဆုံးပါပဲ။ တချို့လည်း အာဇီဝဋ္ဌမကသီလကို ကြိုက်လို့ အာဇီဝဋ္ဌမကသီလ ဆောက်တည်တာလည်း ရှိတယ်။ အမှန်အားဖြင့်တော့ ငါးပါးသီလလည်း အာဇီဝဋ္ဌမကသီလလိုပဲ ကျင့်ရတာပါပဲ။ အာဇီဝဋ္ဌမကသီလ ဆောက်တည်တဲ့ ပုဂ္ဂိုလ်ကလည်း ငါးပါးသီလလို ဖြည့်ဆီးကျင့်ရမှာပါပဲ။ ဒါတွေ လျှော့ထားဖို့ရာ မဟုတ်ပါဘူး။ အတူတူပါပဲ။”
    “အဲဒီတော့ ငါးပါးသီလဆိုတာကတော့ မြတ်စွာဘုရားဟောတဲ့ တရားတွေထဲမှာ အများဆုံး ဟောထားတာပါပဲ။ သီလခန်းမှာဆိုရင် ငါးပါးသီလတွေ ဟောထားတယ်။ အဲဒီ ငါးပါးသော သိက္ခာပုဒ်... ပါဏာတိပါတ၊ အဒိန္နာဒါန၊ ကာမေသုမိစ္ဆာစာရ ဒါတွေက အမြဲ နှုတ်တက်နေကြတာ။ မုသာဝါဒဆိုတာထဲမှာ ဝစီကံတွေ အကုန်လုံး ပါဝင်သွားတယ်။ ဒီ့ပြင် ဝစီကံတွေကလည်း မုသာဝါဒနဲ့ မကင်းတာဘဲ များတယ်။ မုသာဝါဒမှ ကြဉ်ရှောင်လိုက်လို့ရှိရင် ဝစီကံတွေအကုန်လုံး ကောင်းကောင်း ဝင်နေတာပဲ။ သုရာမေရယဆိုတာကတော့ အာဇီဝဋ္ဌမကထဲ မပါဘူး။ မပါပေမဲ့လည်း အဲဒါ ကျင့်ရမဲ့ဟာပဲ။”
    “မြတ်စွာဘုရားက ဒီသီလတွေ ကျင့်ဖို့ရာ ဟောထားတယ်။ ဟောထားတဲ့အတိုင်း လိုက်နာပြီးတော့ ကျင့်ရတယ်။”
    “ဘယ်သူဖြစ်ဖြစ် ကိုယ်သဘောကျတဲ့တရား ဟောရင် ကောင်းမွန်စွာ ဟောတယ်-လို့ ပြောကြမှာပဲ။ လောကမှာ ဘာသာတရားတွေဆိုတာ အများကြီး ရှိတာပဲ။ သူ့ဘာသာနဲ့ သူ၊ သူ့အရပ်နဲ့ သူ... ရည်ရွယ်ပြီးတော့ ဟောထားကြတယ်။ သူတို့နည်းနဲ့သူတို့ အကောင်းတွေချည်း ဆိုကြမှာပါပဲ။”
    “ဒါပေမဲ့လို့ မြတ်စွာဘုရားဟောတဲ့အကောင်းက ဘယ်လိုကောင်းတာလဲဆိရုင် ကိုယ်တိုင်သိပြီးမှ ဟောတဲ့တရား-တဲ့။ မြတ်စွာဘုရား ဟောတဲ့တရားက ကိုယ်တိုင်သိပြီးမှ ဟောတာ။ ကြံဖန် တွေးဟောတာ မဟုတ်ဘူး။”
    “လောကမှာ ဘာသာရေးတရားတို့၊ နည်းလမ်းတို့ အဲဒီလိုဥစ္စာ တီထွင်ကြတာဟာ မှန်းဆပြီးတော့ တီထွင်ကြတာပဲ။ မှန်တာလည်း တွေ့ရှိမှာပေါ့။ မှားတာတွေလည်း များမှာပေါ့။ ကိုယ်တိုင် တွေ့ထိပြီးမှ ဟောလို့ ရှိရင်တော့ ဒါကတော့ မမှားဘူး။
    ဤတရားတော်ကို နာယူပြီး “သေမင်း၏ နယ်ပယ်မှ ကျော်လွန်နိုင်ကြပါစေ”။
    - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
    မဟာစည်သာသနာ့ရိပ်သာ မိုဘိုင်းအက်(ပ်)
    ____________________________________
    “မဟာစည် သာသနာ့ရိပ်သာ မိုဘိုင်းအက်(ပ်)” ကို Google Play Store မှ ရယူပါ။
    play.google.co...
    “မဟာစည် သာသနာ့ရိပ်သာ မိုဘိုင်းအက်(ပ်)” “Mahasi Meditation Center App” ရယူပုံ၊ အကောင့်ဖွင့်ပုံ လမ်းညွှန်ဗီဒီယို
    • Mahasi Meditation Cent...
    - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
    ကမ္ဘာအရပ်ရပ်မှ တရားချစ်ခင်သူတော်စင်များ လွယ်ကူစွာနာယူနိုင်ရန် မဟာစည်တရားတော်များ ၂၄/၇ ပြန့်ပွားရေးကုသိုလ် ပါဝင်လိုပါက မဟာစည်ကျမ်းစာအုပ် အရောင်းဆိုင် ဖုန်း- ၀၁-၅၄၅၄၆၉, ၀၁-၅၄၁၉၇၁, ၀၉၉၅၂၁၉၈၈၀၂ နှင့် mahasi.meditationcenter@gmail.com သို့ ဆက်သွယ်နိုင်စုံစမ်းနိုင်ပါကြောင်း အသိပေးပါသည်။

ความคิดเห็น •