ကျနော်တို့ဘယ်ငရဲကိုရောက်နေကြတာလဲ မခင်ထွေးရီ ကဗျာဆရာရိုးနီ

แชร์
ฝัง
  • เผยแพร่เมื่อ 10 ก.ย. 2024
  • ကျနော်တို့ဘယ်ငရဲကိုရောက်နေကြတာလဲ မခင်ထွေးရီ
    _______________________________________________
    ခင်ဗျားသိသလား မခင်ထွေးရီ၊
    ကျနော်တော့ မသိပါဘူး၊
    သိလည်း မသိချင်တော့ပါဘူး၊
    ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီး
    အထဲမှာ ပိုက်ဆံမပါတဲ့ ကြေကွဲမှုလိုမျိုး
    ကမ္ဘာကြီးကို ကျနော်ကျိန်ဆဲနေမိပါတယ်၊
    တစ်နေ့နေ့တော့များ ဆိုပြီး
    တစ်နေ့နေ့အကြောင်း
    ငေးငိုင်နေရတဲ့ သက္ကရာဇ်တွေပေါ့မခင်ထွေးရီရယ်၊
    ကျနော်က
    အမြစ်တွယ်နေတဲ့ သတိရစိတ်နဲ့
    ရယ်စရာတွေ တဖြေးဖြေးရှားလာတဲ့ ခေတ်ကာလကြီးထဲမှာ
    ရယ်စရာကောင်းတဲ့ သတိရခြင်းတွေ
    ထိုင်ပျိုးနေခဲ့မိတာကို၊
    မခင်ထွေးရီ သိပါရဲ့လား
    ရှေ့တစ်လမ်းကျော်မှာ ခွာညိုပန်းတွေ ပွင့်နှင့်နေပြီတဲ့၊
    နွေလယ်ခေါင်ကြီးထဲစိုက်၀င်လာတဲ့
    ခိုးခိုးခစ်ခစ် ရယ်သံနုနုလေးတွေ မိုးမိကုန်ပြီလား၊
    လွမ်းစရာပဲ မခင်ထွေးရီ၊
    ကမ္ဘာကြီးကိုရော၊
    ကမ္ဘာကြီးထဲက အသိုက်အမြုံသေးသေးလေးကိုရော၊
    ဆိုးဝါးတဲ့အနိဌာရုံတွေ မိုးလိုစွေနေတဲ့ ကာလထဲမှာ
    စီးကရက်ကို တစ်၀ကြီးရှူချလိုက်ပြီး
    ကော်ဖီခါးခါးတစ်ငုံ မျိုချလိုက်ရသလိုမျိုး
    ဟောဒီ ခေတ်ကာလကြီးက
    မက်မောစရာ ဘာရှိတော့လို့လဲ ၊
    အပြိုအပျက်သတင်းတွေက
    ခေတ်ရေစီးထဲမျောလွှင့်၊
    ကျနော်တို့လူငယ်တွေရဲ့ ပြိုလဲခြင်းသင်္ကေတတွေကလည်း
    ခေါင်ရမ်းပန်းတွေလို အမျိုးမျိုးပွင့်လို့၊
    ဒါ ဘယ်လိုကမ္ဘာလဲ မခင်ထွေးရီ၊
    ကျနော်တို့ရောက်နေတာ ကမ္ဘာနံပတ်ဘယ်လောက်မှာလဲ၊
    ဘယ်ဘုရားကို တိုင်တည်မှ ကျွတ်မယ့်၀ဋ်လဲ၊
    ကျနော်တို့ဘယ်ငရဲကိုများ ရောက်နေကြတာလဲ မခင်ထွေးရီ ။
    #ရိုးနီ
    ဇွန်၂၇/၂၀၂၄

ความคิดเห็น •