အချစ်ကဗျာလေး တစ်ပုဒ် ကဗျာဆရာဆန်းကျော်စွာဝင်း
ฝัง
- เผยแพร่เมื่อ 30 มิ.ย. 2024
- အချစ်ကဗျာလေး တစ်ပုဒ်
-----------------------------------
အုတ်ခံပျဉ်ထောင်
နံကပ်အိမ်လေး တုန်သွားပြီးနောက်
အဘိုးဖြစ်သူက
" ရှောင်ကြစို့ မောင်တို့ရေ
အရေးကြီးတာတွေသယ်
အရေးကြီးတာတွေပဲ သယ် ”...တဲ့ ။
အဘိုးဟာ
အဘွားသောက်နေကျ
သွေးကျဆေးဘူးနဲ့ လေးဖက်နာလိမ်းဆေး သယ်
နောက်ပြီး အဘွားကို ထူတယ်
အဘိုးအတွက်
အရေးကြီးဆုံးဟာ အဘွားဖြစ်မယ် ။
အဘွားက
အဘိုးသောက်နေကျ
ဆော်ဒါဘူးနဲ့ အဘိုးမျက်မှန်အပိုလေး သယ်
နောက်ပြီး ရွှေကွာနေတဲ့ဆင်းတုလေးနဲ့
စိတ်ပုတီးနှစ်ကုံး ယူရှာတယ်
အဘွားအတွက်
ဘုရား၊ တရား၊ သံဃာ၊
မိဘ၊ ဆရာ၊ အဘိုးသာ အားကိုးဖွယ်ရာဖြစ်မယ် ။
အမေက
ခေါက်ဆွဲခြောက်
ညှင်းထားတဲ့ အမဲခြောက်
အခိုးပွင့်ဆေးထုပ် များများသယ်
ဟင်းချိုမှုန့်ထုပ်နဲ့ ဆန်အိတ်ပိုင်းလေးကို
မလိုက်, ပြန်ချလိုက်နဲ့
အမေ့ကြည့်ရတာ
မနေ့ကမှ ဆန်နဲ့လဲထားတဲ့
သူ့ဆီပုံးလေး နှမြောပုံရတယ် ။
အစ်မကြီးက
အငယ်လေးကြိုက်တဲ့ ဘီစကစ်ထုပ်
ခြင်ပြေးအောင် မီးအုံးတဲ့ နနွင်းတက်
အဝတ်အစားအချို့ စောင်နဲ့ထုပ်လို့ ။
အငယ်လေးက
သူ့အစ်မအတွက်
အိမ်ထောင့်ခရေပင်အောက်
ခရေပန်း လေးငါးပွင့် ပြေးကောက်တယ်
အငယ်လေးအတွက် အရေးကြီးဆုံးဟာ
သူ့အစ်မဆံထုံးလေး ဖြစ်ချင်ဖြစ်မှာပေါ့
ပန်းတွေက ပြန်ပွင့်မှာပါ
အသက်တွေသာ
ကြွေပြီးရင် ပြန်ပွင့်ရိုးထုံးစံမရှိဘူး ။
အားလုံးပြီးရင်
သွားကြမယ်ဆိုတော့မှ
အစ်မကြီးက အိမ်ထဲ ပြန်ပြေးသွားတယ်
ထွက်လာတော့
သူ့လက်မှာ အဖေ့ဓါတ်ပုံလေး
ဆေးသားမှိန်မှိန်၊ ဘောင်နှုတ်ခမ်းပဲ့ပဲ့ ။
ပြီးခဲ့သောနှစ်များမှာ
ယခုလို ရှောင်ရတုန်းက
တစ်အိမ်လုံးကို သွားခိုင်းပြီး
သူ့ကျွဲတွေ စိတ်မချလို့ နေခဲ့တဲ့ အဖေ
သူချစ်တဲ့ ကျွဲသေကောင်နဲ့အတူ
သွေးစွန်းနေတဲ့ ဖျင်အင်္ကျီစလေးပဲ
လွမ်းသက်သေအဖြစ် ချန်ခဲ့တယ် ။
ဆန်းကျော်စွာဝင်း - ยานยนต์และพาหนะ