ဗောဇ္ဈင် တရားတော် (၂/၉)

แชร์
ฝัง
  • เผยแพร่เมื่อ 21 ส.ค. 2024
  • ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ တရားတော်များကို ၂၄-နာရီပတ်လုံး လွှင့်ပေးနေသည့် Channel ဖြစ်ပါသည်။ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် က ၂၀၂၃-ခုနှစ် အောက်တိုဘာလ ၂၂-ရက် မှစတင်၍ လွှင့်တင်ထားရှိပါသည်။
    - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
    ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် ဤ “ဗောဇ္ဈင်တရားတော်” ကို ရန်ကုန်မြို့၊ သာသနာ့ရိပ်သာ၊ ဖလ်ယဉ်ဓမ္မာရုံ၌ ၁၃၂၃-ခု၊ ဒုတိယ ဝါဆိုလဆန်း ၈-ရက်နေ့မှ တော်သလင်းလပြည့်နေ့အထိ ၁၂-သီတင်းတိုင် (ဥပုသ်နေ့တိုင်း) ဟောကြားခဲ့ပါသည်။
    ဗောဇ္ဈင်သည် ပါဠိတော်ဗောဇ္ဈင်နှင့် ပရိတ်ကြီးဗောဇ္ဈင်ဟု နှစ်မျိုးရှိသည်။ မဟာဝဂ္ဂသံယုတ် ပါဠိတော်လာ ဗောဇ္ဈင်သုတ်ကို ပါဠိတော်ဗောဇ္ဈင်-ဟု ခေါ်သည်။ ပရိတ်ကြီးရှိ ဗောဇ္ဈင်သုတ်ကို ပရိတ်ကြီးဗောဇ္ဈင်ဟု ခေါ်သည်။ ပါဠိတော်လာ ဗောဇ္ဈင်သုတ်သည်သာ ဘုရားဟောဖြစ်သည်။ ပရိတ်ကြီးဗောဇ္ဈင်သုတ်ကား ရှေးဆရာတို့က ပါဠိတော်လာ အဓိပ္ပာယ်များကို ခြုံငုံ၍ ဂါထာသီကုံးထားခြင်း ဖြစ်သည်။
    ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးက ဤ “ဗောဇ္ဈင်တရားတော်” ကို မဟာဝဂ္ဂသံယုတ္တပါဠိ၊ ဗောဇ္ဈင်္ဂသုတ္တံနှင့် မဟာဝဂ္ဂပါဠိ၊ မဟာသတိပဋ္ဌာနသုတ္တံ၊ ဓမ္မာနုပဿနာ ဗောဇ္ဈင်္ဂပဗ္ဗပါဠိတို့ကို အခြေပြုကာ သတိပဋ္ဌာန်မလွတ်စေဘဲ ဟောထားပါသည်။
    “ဗောဇ္ဈင်ဆိုတဲ့စကားက ဗောဓိ+အင်္ဂဆိုတဲ့ စကားကနေ ဆင်းသက်လာတာပါ။ (ဗောဓိ-သိသူ+အင်္ဂ-အကြောင်းအင်္ဂါ။) ဗောဇ္ဈင်္ဂဆိုတာ သစ္စာလေးပါးသိတဲ့သူရဲ့ အကြောင်းအင်္ဂါလို့ အဓိပ္ပာယ်ရပါတယ်။ တစ်နည်း “စတုသစ္စဓမ္မေ သုဋ္ဌု ဗုဇ္ဈတီတိ သမ္ဗောဓိ” တဲ့။ စတုသစ္စဓမ္မေ-သစ္စာလေးပါးတရားတို့ကို၊ သုဋ္ဌု-ကောင်းစွာ၊ ဗုဇ္ဈတိ-သိမြင်တတ်၏၊ ဣတိ-ထို့ကြောင့်၊ သမ္ဗောဓိ-သမ္ဗောဓိမည်၏။ သစ္စာလေးပါးကို ကောင်းစွာသိတတ်လို့ သမ္ဗောဓိလို့ ခေါ်တာ-တဲ့။ “သမ္ဗောဓိယာ အင်္ဂေါ သမ္ဗောဇ္ဈင်္ဂေါ” သမ္ဗောဓိယာ- သစ္စာလေးပါးသိမှု၏၊ အင်္ဂေါ- အစိတ်အပိုင်းအင်္ဂါသည်၊ သမ္ဗောဇ္ဈင်္ဂေါ-သမ္ဗောဇ္ဈင်္ဂမည်၏။ သစ္စာလေးပါးသိမှု၏အကြောင်း အင်္ဂါအစိတ်အပိုင်းဖြစ်တဲ့ တရားတွေကိုလည်း ဗောဇ္ဈင်တရားလို့ ခေါ်တယ်။”
    အမှန်မှာ ဗောဇ္ဈင်သုတ်သည် လောကီမှာရော လောကုတ္တရာမှာရော အသုံးဝင်လှသည့် သုတ္တန်ဖြစ်သည်။ ဤသုတ်လာ တရားတော်အတိုင်း လိုက်နာကျင့်သုံးနိုင်ပါမူ အနိမ့်ဆုံး ၉၆-ဖြာ ဘေးရောဂါတို့ ပျောက်ကင်းနိုင်ရုံသာမက တစ်သံသရာလုံးက စွဲလာခဲ့သည့် ကိလေသာအနာရောဂါများကိုလည်း အမှန်ပင် ပျောက်ကင်းနိုင်သည်။
    ထို့ကြောင့် တရားနာပရိသတ်အပေါင်းလည်း ဤဗောဇ္ဈင်တရားတော်ကို နားကြားပြီး ကျင့်ကြံပွားများကာ ရောဂါအမျိုးမျိုး ကင်းရှင်းကာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေ...
    - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
    ကမ္ဘာအရပ်ရပ်မှ တရားချစ်ခင်သူတော်စင်များ လွယ်ကူစွာနာယူနိုင်ရန် မဟာစည်တရားတော်များ ၂၄/၇ ပြန့်ပွားရေးကုသိုလ် ပါဝင်လိုပါက မဟာစည်ကျမ်းစာအုပ် အရောင်းဆိုင် ဖုန်း- ၀၁-၅၄၅၄၆၉, ၀၁-၅၄၁၉၇၁, ၀၉၉၅၂၁၉၈၈၀၂ နှင့် mahasi.meditationcenter@gmail.com သို့ ဆက်သွယ်နိုင်စုံစမ်းနိုင်ပါကြောင်း အသိပေးပါသည်။

ความคิดเห็น •