" စစ်"

แชร์
ฝัง
  • เผยแพร่เมื่อ 10 ก.พ. 2025
  • " စစ်"
    စစ်ပွဲပြီးရင် ကျောင်း တက် ချင် တယ် (ကဗျာ)
    မင်းခိုက်စိုးစံ
    -----------------------------------------------------
    (၁)
    သေမင်းဟာ
    ရိုင်ဖယ်ကို ပုခုံးမှာချိတ်
    စာသင်ခန်း တံခါးတွေကို ပိတ်လိုက်တယ် …။
    (၂)
    စာအံသံတွေ ပျောက်ဆုံး
    ဗုံးဆံတွေ မိုးချုန်းသလို ရွာချ …၊
    အမှန်တရားတောင်ကုန်းကို
    လက်နက်ကြီး အင်အားသုံးပြီး
    သိမ်းပိုက်ဖို့ ကြိုးစားနေကြတယ် …။
    မျက်ရည်နဲ့ …
    အလောင်းကောင်တွေပေါ်က ‘အမှန်တရား’
    ဘယ်ပြည့်တန်ဆာကတောင်မှ
    လေးစားမှာမဟုတ်ဘူး …။
    စစ်ယူနီဖောင်း ရင်ဘတ်ပေါ်
    ချိတ်ဆွဲထားတဲ့ တံဆိပ်တွေဟာ
    စစ်ဘေးဒဏ်ကြောင့် သေသွားတဲ့
    ကလေးတွေရဲ့ အရေအတွက်နဲ့
    ထပ်တူ အချိုးကျပါသလား …
    စစ်နတ်ဘုရားရဲ့ သင်္ချာကို
    ငါ လက်ချိုးရေတွက်နေတယ် …။
    (၃)
    စပါးပင်ပျိုးရမယ့် တောင်ယာမြေမှာ
    ငါ့အဖေရဲ့ ခန္ဓာကိုယ် အပိုင်းအစ
    ဖြစ်သလို မြှုပ်ပစ်ခဲ့ရတယ် …။
    အမြောက်ဆံပေါက်ကွဲတဲ့ နေရာက မြက်ပင်လို
    မိသားစုဘဝတွေ ပြတ်ထွက်လွင့်စင်ကြ …
    အမေရေ … ဒီတစ်သက်တော့
    ထမင်းလက်ဆုံစားခွင့် မရှိတော့ဘူး …။
    ဦးခေါင်းထက်မှာ ကျည်ဆံတွေက
    နတ်ဆိုးရဲ့ လေချွန်သံလို
    တရွှီရွှီမြည်နေတုန်း
    မြေလွှာအောက်က မိုင်းဗုံး
    ဝုန်းခနဲ ပေါက်ကွဲတယ် …။
    ငါ့အနာဂတ်မျှော်လင့်ချက်ဟာ
    ခြေထောက်တစ်ဖက်နဲ့အတူ
    ပြုတ်ထွက်လွင့်စင်သွားပေါ့ …။
    ‘ငါ့အိမ် ငါ ပြန်လာတာလေ’
    ဒါဟာ ‘အသွားမတော် တစ်လှမ်း’ ဖြစ်ခဲ့ပါသလား
    မျက်ရည်အဝဲသားနဲ့ မေးခွန်းထုတ်မိ
    ငါ့ဘဝကတော့
    ငါ့ဒူးဆစ်လို ငုံးတိတိ ဖြစ်လို့ နေလေရဲ့ …။
    ငြိမ်းချမ်းရေး မိုးခေါင်ရပ်ဝန်းဒေသမှာ
    သားပျောက်တဲ့ အမေတွေနဲ့
    အမေပျောက်တဲ့သားတွေ
    အားလုံးဟာ လူအဖြစ်ကနေ လျှောကျ
    တိရစ္ဆာန်တွေလို အမဲလိုက် ခံနေရတယ်…။
    အမေအိုတို့ရဲ့ ငိုကြွေးသံ
    မြစ်သောင်ယံမှာစီးဆင်း
    ဧရာဝတီဟာ သွေးချင်းချင်းနီ … လို့။
    (၄)
    တိုင်ထက်မှာ
    ချစ်ခြင်းမေတ္တာတရားကို သံမှိုနှက်
    အာဏာပါးကွက်သားတို့က
    ကွပ်မျက်ကြတာကို
    ‘စစ်ပွဲ’ လို့ ခေါ်တယ်…။
    စစ်ပွဲမှာ
    ဘယ်သူ နိုင်နိုင် … ဘယ်သူ ရှုံးရှုံး
    နောက်ဆုံးမှာ
    အမုန်းတရားကပဲ သိမ်းပိုက် …
    မိဘမဲ့သွားတဲ့ ကလေးငယ်တွေကို
    လောကထဲ မောင်းထုတ်လိုက်ကြတယ် …။
    အို … သွေးဆာသူတို့
    ရက်စက်ကြမ်းကြုတ်သူအပေါင်းတို့ …။
    အပြစ်မဲ့ပြည်သူတွေရဲ့သွေးနဲ့ ဘိသိက်မြှောက်
    သူသတ်ကုန်းမှာ ဆောက်တဲ့ နန်းတော်ဆီ
    ငါတို့ ဘယ်တော့မှ လက်အုပ်မချီဘူး …။
    (၅)
    ‘ကျည်ဆံဖိုးတွေ ထပ်မဖြုန်းပါနဲ့
    ပေါင်မုန့်တစ်လုံးလောက် ဝယ်ပေးပါ …’
    ‘လက်ပစ်ဗုံးတွေပစ်မယ့်အစား
    ငှက်ဖျားပျောက်ဆေးတစ်ခွက်ပေးပါ …’
    စစ်ပွဲတစ်ပွဲမှာ
    ပထမဦးဆုံးပစ်တဲ့ ကျည်ဆံ …
    ကိုယ်ချင်းစာတရားကို မှန်တယ်။
    ကိုယ်ချင်းစာတရား ကျဆုံးခြင်းဟာ
    နိုင်ငံတော် စျာပနပဲ …။
    ကဲ … အလံတစ်ဝက် လွှင့်ထူကြ …
    ကမ္ဘာမကြေသီချင်းကို ဆိုတဲ့အခါ
    ငိုသံပါနေရတာလောက်
    ဝမ်းနည်းစရာကောင်းတာမရှိဘူးလေ …။
    (၆)
    ‘မုန်းတီးစိတ်တွေ
    နောက်မျိုးဆက်ကို အမွေမပေးစေရ ...
    အာမဘန္တေ…’။
    ငြိမ်းချမ်းရေးသီလယူသံ
    ကောင်းကင်ထက်မှာ ညံပါစေ။
    ကလေးတွေရင်ထဲက တောင်းဆုနဲ့
    ငါတို့အားလုံး ဝတ်ပြုကြရအောင်…။
    ‘မေမေ ဝယ်ပေးတဲ့
    ကျောက်သင်ပုန်းပေါ်မှာ
    ဝလုံး ဝိုင်းဝိုင်းတွေ ခြစ်ဆွဲ
    ဒီစစ်ပွဲပြီးရင်
    ကျောင်း … တက် … ချင် … တယ် …’
    #မင်းခိုက်စိုးစံ
    ရွတ်ဖတ်သူဆရာညီပုလေး
    #war
    #poems #peace #nyipuelay ‪@neweras333‬

ความคิดเห็น • 5