မဂ္ဂင်ရှစ်ပါး တရားတော်

แชร์
ฝัง
  • เผยแพร่เมื่อ 21 ส.ค. 2024
  • ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ တရားတော်များကို ၂၄-နာရီပတ်လုံး လွှင့်ပေးနေသည့် Channel ဖြစ်ပါသည်။ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် က ၂၀၂၃-ခုနှစ် အောက်တိုဘာလ ၂၂-ရက် မှစတင်၍ လွှင့်တင်ထားရှိပါသည်။
    - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
    ဤ “မဂ္ဂင်ရှစ်ပါး တရားတော်” ကို ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီးသည် ဆိပ်ခွန်ရွာနေ၊ အလှူ့ဒါယကာ ဦးစိန်ဝင်း + အလှူ့ဒါယိကာမ ဒေါ်ခင်ရီ တို့၏ အလှူတော်တွင် ဟောကြားခဲ့ပါသည်။ (ရက်စွဲ အတိအကျ မသိရပါ။)
    ဤတရားတော်၌_
    “အရပ်ထဲမှာ ဟောတာက ၁၂-ရက်နေ့ကစပြီးတော့_ ၁၂၊ ၁၃၊ ၁၄၊ ၁၅-ဆိုတော့ အဲဒီက ၄-ရက်။ ဒီနေ့ည တစ်ရက်ဆိုရင် ၅-ရက်။ ၅-ရက်ဆိုလို့ရင် တရားဟောတဲ့ပုဂ္ဂိုလ်တွေ တစ်ညတစ်ည ၂-ပါး၊ ၂-ပါး ဟောတော့ ၁၀-ပါးရှိသွားပါပြီ။ ဒါက ကျောင်းမှာဟောတာ မထည့်သေးပါဘူး။ မနက်ဖြန်ခါ ညကျတော့လည်း ရွှေစေတီ ဆရာတော် ဟောဖို့ရာ အစီအစဉ်လုပ်ထားပါတယ်” ဟု ဟောကြားချက်အရ ဦးစိန်ဝင်း + ဒေါ်ခင်ရီ တို့၏ အလှူတော်တွင် တရားပွဲကို ခုနစ်ရက်ခုနစ်လီ ကျင်းပသဖြင့် အလှူကြီး (အညာဒေသ အသုံးအနှုန်း) ဖြစ်ကြောင်း ခန့်မှန်းပြီး ကြည်နူးနိုင်ပါသည်။
    အခြားသော ဓမ္မကထိကများ၏ ဟောကြားမှုနှင့်စပ်လျဉ်း၍_
    “ခုတင်က နောက်ဆုံးဟောပြီးနေတဲ့ မြန်အောင်မြို့က မင်းကန်ကြီး သာသနာ့ရိပ်သာ ဆရာတော် အရှင် ဦးဝါယမိန္ဒ ဟောတဲ့တရား နောက်ပိုင်းကို ကြားရပါတယ်။ နောက်ပိုင်းဆိုပေမဲ့လို့ ၉-နာရီနဲ့ ၅-မိနစ်လောက်ပါပဲ။ ဥပါဒါနက္ခန္ဓာ ၅-ပါးအကြောင်းနဲ့၊ ဥပါဒါနက္ခန္ဓာ ရှုဖို့ရာနဲ့ မရှုလို့ရှိရင် ကိလေသာဖြစ်ပုံနဲ့၊ ရှုလို့ရှိရင် ကိလေသာ ကင်းပုံတွေ ဟောသွားတာ စုံပါတယ်။ ဘုန်းကြီးလည်းပဲ ဒီတရား ဟောနေကျပါပဲ။ ဒီတရားအပြင် ဝိပဿနာက ဟောစရာ မရှိဘူး။ ဒီတရားက အင်မတန် အရေးကြီးတဲ့ တရားပဲ။ ခနက ဟောပြီးသွားပါပြီ” ဟု နာကြားရသဖြင့် ဆရာတော်ဘုရားကြီး၏ စိတ်သဘောထားကို မှန်းဆ ကြည်ညိုနိုင်ပါသည်။
    ထို့အတူ_
    “ဒါပေမဲ့လို့ ဘုန်းကြီး မနေ့ကဟောခဲ့တာနဲ့ စပ်ပြီးတော့ ‘မဂ္ဂင်ရှစ်ပါး တရား’ ဟောရမယ်” ဟု ဟောထားသဖြင့် ဆရာတော်ဘုရားကြီးသည် တရားဟောသည့်အခါ ရှေ့နောက်အဆက်အစပ် မလွတ်သည့်အတွက် သတိတရား လက်ကိုင်ထားပုံကိုလည်း မှန်းဆ ကြည်ညိုရပါသည်။
    “မဂ္ဂင် ၈-ပါးဆိုတာ မဂ်၏အစိတ်အပိုင်း ၈-ပါးတဲ့။ မဂ္ဂက လမ်း-လို့ အဓိပ္ပာယ်ရှိပါတယ်။ အင်္ဂက အစိတ်အပိုင်း။ မဂ္ဂင်္ဂ-ဆိုတော့ လမ်း၏ အစိတ်အပိုင်း။ လမ်း၏ အစိတ်အပိုင်းတွေ ပေါင်းလိုက်ရင် လမ်းဖြစ်တာပဲ။”
    “မိုးရွာတဲ့အခါ ရွှံ့ဗွက်တို့ဘာတို့ ရှိတဲ့အခါကာလမှာ အုတ်ခဲလေးတွေ ခင်းထားတာရှိပါတယ်။ အုတ်ခဲလေး ၈-ခဲ ခင်းထားတယ်-ဆိုပါတော့။ အုတ်ခဲလေးတွေကို နင်းပြီးတော့ သွားရတယ်။ အုတ်ခဲလေးတွေပေါ်နင်းပြီးတော့ သွားရင် ရွှံ့တွေ ‌ရေတွေ မစိုဘူး။ အဲဒီလို လမ်းလေးတွေကတော့ အရပ်တိုင်းအရပ်တိုင်းမှာ ရှိတတ်ပါတယ်။ အဲဒီ အုတ်ခဲလေးတွေဟာ လမ်းရဲ့အစိတ်အပိုင်းပဲ။ အုတ်ခဲ ၈-ခဲဟာ သွားဖို့ရာ လမ်းရဲ့အစိတ်အပိုင်းပဲ။ အဲဒီ ၈-ခဲ ပေါင်းလိုက်လို့ရှိရင် ရွှံ့ဗွက်ရှိတဲ့နေရာမှာ ကျော်လွန်အောင် သွားနိုင်ဖို့ လမ်းပဲ။”
    “ဒါ့ကြောင့် အဲဒီ ပကတိလမ်းလိုပဲ အခု တရားလမ်းကလည်း မဂ္ဂင်္ဂ-မဂ်၏အစိတ်အပိုင်း၊ လမ်း၏အစိတ်အပိုင်းဆိုတဲ့ တရားတွေကို ပေါင်းလိုက်ရင် လမ်းဖြစ်တာပဲ။ အဲဒီလမ်းက ဘယ်ကိုသွားတဲ့လမ်းလည်း ဆိုလို့ရှိရင် နိဗ္ဗာန်ကို သွားတဲ့လမ်း၊ နိဗ္ဗာန်ကို ရောက်အောင်သွားတဲ့ လမ်း။”
    “လောကမှာ ဘုရားသွားတဲ့လမ်း၊ ကျောင်းသွားတဲ့ လမ်း၊ ဈေးသွားတဲ့ လမ်း၊ သင်္ဘောဆိပ်သွားတဲ့ လမ်း စသည်ဖြင့် လမ်းတွေက အမျိုးမျိုးရှိတယ်။ အဲဒါလိုပဲ တရားလမ်းကလည်း လမ်းအမျိုးမျိုးတော့ ရှိပါတယ်။ အပါယ် ၄-ပါးသွားတဲ့လမ်းလည်း ရှိတာပဲ။ လူ့ဘဝသွားတဲ့လမ်းလည်း ရှိတယ်။ နတ်ဘဝ သွားတဲ့လမ်းလည်း ရှိတယ်။ ဗြဟ္မာ့ဘဝ သွားတဲ့လမ်းလည်း ရှိတယ်။ ဆင်းရဲခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်သွားတဲ့လမ်းလည်း ရှိတယ်” စသည်ဖြင့် ဟောကြားထားပါသည်။
    ဤ “မဂ္ဂင်ရှစ်ပါး တရားတော်” ထဲ၌ ဒါနကိုအကြောင်းပြုပြီး ဝိပဿနာကုသိုလ်ဖြစ်ရန် ရှုနည်း၊ ရှုကွက်အပြည့်အစုံကို ဟောကြားထားသဖြင့် ဤတရားတာ်ကို နာယူပြီး ဗုဒ္ဓဘာသာ၏ ပန်းတိုင်ဖြစ်သော နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သော အထောက်အပံ့ကောင်း ဖြစ်ပါစေ-ဟု ဆန္ဒပြုပါသည်။
    - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - ကမ္ဘာအရပ်ရပ်မှ တရားချစ်ခင်သူတော်စင်များ လွယ်ကူစွာနာယူနိုင်ရန် မဟာစည်တရားတော်များ ၂၄/၇ ပြန့်ပွားရေးကုသိုလ် ပါဝင်လိုပါက မဟာစည်ကျမ်းစာအုပ် အရောင်းဆိုင် ဖုန်း- ၀၁-၅၄၅၄၆၉, ၀၁-၅၄၁၉၇၁, ၀၉၉၅၂၁၉၈၈၀၂ နှင့် mahasi.meditationcenter@gmail.com သို့ ဆက်သွယ်နိုင်စုံစမ်းနိုင်ပါကြောင်း အသိပေးပါသည်။
    - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
    မဟာစည် တရားတော်များကို နာယူသည့်အခါ တရားတော်အချို့တွင် အနည်းငယ် အသံ မကြည်လင်ခြင်း၊ အသံ‌ နှေးခြင်း၊ အသံ မြန်ခြင်းတို့ ပါရှိသည်ကို သတိပြုမိကြပါလိမ့်မည်။ အကြောင်းမှာ အသံဖမ်းယူစဉ်က အသုံးပြုခဲ့သည့် ၇” တိပ်ရီကော်ဒါစက်များ၏ နည်းပညာနှင့် တိပ်ခွေများကို ကော်ပီပွားရယူသည့်အခါ တိပ်ရီကော်ဒါစက် မော်တာမြန်နှုူန်းများ အနည်းငယ် ကွာခြားခြင်းကြောင့် ဖြစ်ပါသည်။
    မဟာစည် မီဒီယာအဖွဲ့အနေဖြင့် ၁၃၈၅-ခုနှစ် သီတင်းကျွတ်လမှစ၍ တရားတော်များကို လွှင့်ထုတ်ရာတွင် (၁) တရားတော် အသံများကို မူရင်းအတိုင်း ထားရှိလိုခြင်း၊ (၂) ရှေးက ဖမ်းယူခဲ့သည့် အသံအတိုင်း တရားနာပရိသတ်တို့အား နာယူစေလိုခြင်းတို့ကြောင့် တရားတော် အသံများကို တည်းဖြတ်ခြင်း၊ ပေါင်းစပ်ခြင်း၊ ထုတ်ပယ်ခြင်း၊ အသံ အရည်အသွေး ပြုပြင်ခြင်းတို့ ပြုလုပ်မထားပါ။ သို့သော် နာယူရန် ခက်ခဲနေသည့် တရားတော်အနည်းငယ်ကိုမူ နာယူရန်အဆင့် အသံအရည်အသွေးရရှိရန် Digital Audio Editing Software အသုံးပြု၍ တည်းဖြတ်ပြင်ဆင်ထားကြောင်း အသိပေးအပ်ပါသည်။

ความคิดเห็น • 1

  • @soenaing5504
    @soenaing5504 หลายเดือนก่อน

    🙏🙏🙏🙏🙏 သာဓု သာဓု သာဓုပါဘုရား။ ။